Tuesday, August 11, 2009

Computer User's Dictionary

A

ABC-AB Switch
အခြေခံ RS-232C ABC ခလုတ်မျိုးကွဲတစ်ခု ဖြစ်သည်။ ဘုံသုံးကိရိယာ (င) အကြား အခြားကိရိယာနှစ်ခု (A or B) ၏ အခြေခံ ABC လုပ်ဆောင်မှုတွင် အပိုထပ်ဆောင်းလျက် ဤခလုတ်က (A or B) ဆက်သွယ်မှုကို ရွေးချယ် လုပ်ဆောင်ခွင့် ရစေသည်။ ABC-AB သည် A-B ဆက်သွယ်မှုကို ဖြတ်သန်းလျက် null modem တစ်ခုအတိုင်း DTE ကိရိယာနှစ်ခု၏ တိုက်ရိုက်ဆက်သွယ်မှု ရရှိစေရန် အတွင်းပိုင်းဝါယာ ဆက်သွယ်ထားခြင်း ဖြစ်သည်။ တချို့ ABC-AB Switches တို့တွင်'TEST' အမှတ်အသားပြထားသည့် ရွေးချယ်မှုခလုတ်တစ်ခု ပါရှိသည်။ စမ်းသပ်မှုတွင် A နှင့် B ခလုတ် အနေအထားများရှိ ကိရိယာများသို့ data အချက်အလက်များကို ပြန်လည်ပို့ပေးတတ်သည်။ ကိုယ်တိုင် စမ်းသပ်မှုအတွက် အသုံးဝင်သည်။

A bend (A bnormal End)
ကွန်ပျူတာ ရုတ်တရက်ချို့ယွင်းသွားခြင်း/ပျက်သွားခြင်း (carsh) သို့မဟုတ် bomb ဟုလည်း ခေါ်သည်။ ကွန်ပျူတာက သူလက်ခံနေသော ညွှန်ကြားချက်များ (သို့) data များကို မမှတ်မိတော့သောအခါ (သို့) program တစ်ခုက အကာအကွယ်ပေးထားသော နယ်နိမိတ် (protective boundary) အပြင်ဘက်ကို ရောက် အောင် ကြိုးပမ်းလာသောအခါမျိုးတွင် ဤကဲ့သို့ ဖြစ်ပွားတတ်ပါသည်။ မမှန်ကန်သော software logic (သို့) hardware ချို့ယွင်းချက်တို့ကြောင့်လည်း ဤသို့ဖြစ်နိုင်သည်။

Abstract Syntax Notation One (ASN-1)
OSI Reference model ၏ အပိုင်းတစ်ခုကို Abstract Syntax အဖြစ် ဖန်တီးထားပြီး machine independent ဟု ခေါ်သည်။ computer နှင့် သီးခြားသတ်မှတ်ထားသော စံများဖြစ်ပြီး computer အချင်းချင်းချိတ်ဆက် သုံးစွဲရာတွင် သုံးစွဲရမည့် `စံ´ များဖြစ်သည်။ encoding system မတူသော computer နှစ်ခုကို ချိတ်ဆက်ရာ ၌ data များ ပေးပို့ရာတွင် data function structure များကို ဖော်ပြပေးရာတွင် အသုံးပြုသည်။

Abstraction
ရှင်းလင်းချက်များ (သို့) နောက်ခံအသေးစိတ် အချက်အလက်များ (background detail) မပါဝင်သော အရေး ပါသည့် အင်္ဂါရပ်များကိုသာ ကိုယ်စားပြုသော အလုပ် (act)။ ဥပမာ- မော်တော်ကားတစ်စင်း အသုံးပြုမည် ဆို ပါက ကား၏အတွင်းပိုင်း အလုပ်လုပ်ပုံ၊ အတွင်းပိုင်း နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ သိစရာမလိုပါ။ ကျွန်ုပ်တို့ သိထားရမည်မှာ မောင်းနည်းသာ ဖြစ်သည်။

Access Charge
Computer (သို့) Data တစ်ခုရှိ Telephone ကွန်ယက်များသုံးစွဲသည့်အတွက် ပေးရသော အခကြေးငွေဖြစ်သည်။

Access Control List (ACL)
(i) Microsoft Windows NT နှင့် Windows 2000 တို့တွင်ရှိသော ကွန်ယက်တွင်ပါဝင်သည့် အရင်းအမြစ်များကို အရာဝတ္ထု တစ်ခုက ဆက်သွယ်ပေးနိုင်သော စာရင်း။
(ii) သတင်းအချက်အလက် အကြောင်းအရာများ၏ သတ်မှတ်ထားသည့် အချက်များကို ဖွင့်ယူခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ အခြေအနေများအား ကန့်သတ်တားဆီးမှု ပြုလုပ်ရန် အစိတ်အပိုင်းဖြစ်သည်။ တနည်းအားဖြင့် များပြားလှစွာသော ကြိုတင် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၏ အုပ်စုအတွင်း အသုံးပြုသူမှ သီးခြားသင်္ကေတလက္ခဏာများ၊ ၎င်းတို့၏ အသင်းဝင်အဖြစ် အသိအမှတ်ပြုထားချက်များအား အခြေခံကာ သတ်မှတ်ထိန်းချုပ်မှု အသွင်အပြင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

Access method
အချက်အလက်များကို main storage နှင့် I/O device များအကြား ပေးပို့သည့် နည်းစနစ်တစ်ခုဖြစ်သည်။ System Network Architecture တွင် ၎င်းသည် software တစ်ခုဖြစ်သည်။ ကွန်ရက်၏ information စီးဆင်း သွားလာမှုတွင် ထိန်းချုပ်ပေးသည်။ ဤစကားလုံးကို နည်းစနစ်တစ်ခုအတွက်လည်း အသုံးပြုသည်။ ဥပမာ Token/Collision Detection CSMA/CD တို့ဖြစ်သည်။ ၎င်းအား ကွန်ရက်၏ node များက မည်သည့်အစီအစဉ် မည်သို့ ချိတ်ဆက်ရမည်ကို ထိန်းချုပ်ပေးသည်။

Access Permissions
Microsoft Windows 2000 သုံး servers အတွင်းတွင် မျှတစွာ သုံးစွဲနိုင်စေရန် ၀င်ရောက်လုပ်ကိုင်မှုအတွက် ထိန်းချုပ်မှု ခွင့်ပြုချက်များဖြစ်သည်။

Access Provider
Internet ဆက်သွယ်မှုကို ရောင်းချပေးသော ကုမ္ပဏီ၊ အင်တာနက် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးသူများ (Internet Service Provider) ဟုလည်း လူသိများသည်။

Access Speed
သင်၏ PC သို့ ပို့ပေးရန်နှင့် disk ပေါ်ရှိ သီးသန့် data များကို ရှာဖွေရန် အခြား drive သို့မဟုတ် CD drive, hard drive, floppy drive တစ်ခုအတွက် ကြာသော ပျမ်းမျှအချိန်ပမာဏ၊ Access speed ကို မီလီစက္ကန့် (millisecond ms) ဖြင့် တိုင်းသည်။

Accounting Information System
အဖွဲ့အစည်းတစ်ခုမှ ငွေကြေးယိုပေါက်မှုများ၊ စီးပွားရေးလုပ်ငန်းများကို မှတ်တမ်းတင်ပြီး အစီရင်ခံတင်ပြသော သတင်းအချက်အလက်ပေးစနစ်များ (information system) နှင့် ငွေကြေးဆိုင်ရာထုတ်ပြန်ချက်များကို ဖော်ပြ ခြင်း၊ ယင်းသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့ ထိန်းချုပ်မှုနှင့် စီမံချက်များအတွက် သတင်းအချက်အလက် (information) ကို ပေးသည်။ ယင်းသည် တရားဝင်သည်။

Account lockout
သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအတွင်း မအောင်မြင်သည့် logon ပြုလုပ်ထားမှုများ ရှိလာပါက ထို logon ပြုလုပ်ထားသူ user အား လုံခြုံမှုဆိုင်ရာမူအရ lockout setting ဖြင့် အခြေခံဆောင်ရွက်ထားသည့် Windows 2000 security ၏ အသွင်အပြင်တစ်မျိုးဖြစ်သည်။

Account Policy
ကိုယ်ပိုင် ကွန်ပျူတာများတွင်ဖြစ်စေ၊ domain တစ်ခုခုတွင်ဖြစ်စေ၊ Password များကို user accounts အားလုံး ဖြင့် မည်သို့ အသုံးချရမည်ကို ထိန်းချုပ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

Active Directory Schema
Active Directory Service လုပ်ငန်းအတွင်းတွင် အကြောင်းကိစ္စ ရည်ရွယ်ချက်အမျိုးအစားနှင့် သိုမှီးမှု အနေ အထားတို့ကို ဖော်ပြပေးသည့် ပုံစံအနေအထားဖြစ်သည်။ ရည်ရွယ်ချက်အမျိုးအစား တစ်ခုစီအတွက် ပုံစံအနေ အထားသည် မူလပုံစံအမျိုးအစားတစ်ခုမှ ဆင့်ပွားပုံစံ အမျိုးအစားအထိ အဆင့်ဆင့် ကိုယ်ပိုင်ဂုဏ်သတ္တိများဖြင့် တည်ရှိနေစေသည်။

Active Directory Service
Windows 2000 Server, Advanced Server နှင့် Data center Server Operating Systems များနှင့် အတူ ပါဝင်ထားပြီး၊ directory service ကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ Active Directory သည် users များ အနေဖြင့် လည်းကောင်း၊ computer များအနေဖြင့်လည်းကောင်း၊ groups များအနေဖြင့် လည်းကောင်း အခြား network resources များအနေဖြင့်လည်းကောင်း ကိုယ်စားပြုပေးသည့် ကိစ္စများ ပါဝင်ထားသော အဆင့်ဆင့် ခွဲခြားသတ်မှတ်ထားသည့် directory တစ်ခုဖြစ်သည်။

Active Directory Service Interfaces
Directory service model တစ်ခုနှင့် အတူရှိနေသော com interfaces တစ်စုံကို ခေါ်ဆိုခြင်းဖြစ်သည်။ ထို ADSI သည် Windows 95, Windows 98, Windows NT နှင့် Windows 2000 တို့အား application မှန်သမျှ ကို Active Directory Service အပါအ၀င် ကွန်ရက်ဆိုင်ရာ directory services တော်တော်များများတွင် ၀င်ရောက်သုံးစွဲစေနိုင်သည်။

Active Directory Sites and Services Console
သင့် ကွန်ရက်၏ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပါဝင်သော စီမံ ခန့်ခွဲရေးဆိုင်ရာ ကိရိယာတစ်ခုဖြစ်သည်။ Active Directory သည် လမ်းညွှန်သတင်းအချက်အလက်များကို မိတ္တူပွားရန်နှင့် တောင်းဆိုလာသော ၀န်ဆောင်မှုများကို ထိန်းချုပ်ရာတွင် အဆုံးအဖြတ်ပေးရန် သတင်းအချက် အလက်များကို အသုံးပြုလေ့ရှိသည်။

Active Directory Users and Computers
တက်ကြွသော လမ်းညွှန်သဘောပါ အုပ်ချုပ်ရေးတာဝန်များ (Active Directory administration tasks) ကို နေ့စဉ်ဆောင်ရွက်ရန် တီထွင်ထားသော administrative tool ဖြစ်သည်။ ဤ task များတွင် ဖန်တီးခြင်း (creating) ၊ ပယ်ဖျက်ခြင်း (deleting) ၊ ပြုပြင်မွမ်းမံခြင်း (modifying) ၊ ရွှေ့ပြောင်းခြင်း (moving) နှင့် လမ်းညွှန် ထဲတွင် သိုလှောင်ထားသော object များနှင့် ပတ်သက်သည့် ခွင့်ပြုချက်များကို စီစဉ်ထားခြင်း (အချက်အလက် များ ရှာနိုင်သည်ဟု ဆိုလိုပါသည် ) တို့ပါဝင်သည်။ ဤ object များတွင် အဖွဲ့အစည်းဆိုင်ရာ ဌာနများ (organizational units) အသုံးပြုသူများ (users) ၊ contacts ၊ groups ၊ computers ၊ printers တို့ ပါဝင်သည့် အပြင် ခွဲဝေပေးထားသော file object များ ပါဝင်သည်။

Active Directory Users and Computers console
စီမံခန့်ခွဲမှုဆိုင်ရာ ကိရိယာများအား Active Directory ၏ စီမံခန့်ခွဲမှုဖြင့် တစ်နေ့ချင်း ဆောင်ရွက်သွားရန် စီစဉ် တည်ဆောက်ထားသည်။ ဤတာဝန်များတွင် ဖန်တီးခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်မွမ်းမံခြင်း၊ ဖယ်ရှားခြင်း (moving) နှင့် directory ထဲတွင် သိုလှောင်ထားသော အကြောင်းအရာများ (objects) နှင့် ပတ်သက်၍ စီစဉ် ထားသည့် ခွင့်ပြုချက်များ ပါဝင်သည်။

Active Volume
Computer စဖွင့်စဉ် ထွက်လာသည့်အသံ အတိုးအကျယ်ခလုတ်။ Active volume သည် dynamic disk ပေါ်မှ ရိုးစင်းသော volume ဖြစ်သည်။ သင်သည် လက်ရှိ dynamic volume ကို active volume အဖြစ် မှတ်ယူ၍ မရ ပါ။ သို့သော် dynamic disk တစ်ခုတွင် active partition ပါဝင်သော basic disk ကို သင် upgrade လုပ်နိုင် ပါသည်။ disk ကို တစ်ကြိမ်သာ dynamic အဖြစ် upgrade လုပ်ထားခဲ့ပါက partition သည် active ကို ဆိုလို သော simple volume တစ်ခုဖြစ်လာသည်။

Active X Control
Active X နည်းပညာကို အသုံးပြုသည့် control တစ်ခုဖြစ်သည်။ ယင်းကို web browser တစ်ခုဖြင့် download နှင့် Execute လုပ်နိုင်သည်။ Program ရေးဘာသာရပ် မဟုတ်ဘဲ application များက သတင်းအချက်အလက် များအား ခွဲဝေသုံးစွဲသည့်နည်းကို ညွှန်ပြထားသည်။ Active X control သည် Java applet ထက် ပို၍စွမ်းအား မြင့်သည်။

Active X Data Objects Ado:
OLE DB နှင့် ကြားခံ ဆက်သွယ်ပေးရန် တည်ဆောက်ထားသော ကွန်ပျူတာ program ဖြင့် ထိန်းချုပ်နိုင်သော object တစ်စုံဖြစ်သည်။ ADO object model က ယခင် ADO object library ထက် ရိုးစင်းပြီး ယင်းကို အခမပေးရသော Microsoft ကဏ္ဍမှ ရယူနိုင်ပါသည်။

Address connections
ROM နှင့် RAM တို့ကို address bus နှင့် မည်သို့ ဆက်သွယ်ရမည်ကို ရည်ညွှန်းသည်။ Bits AII နှင့်AI တို့သည် chip ရွေးချယ်မှုများဖြစ်သည်။ RAM က A7 မှ A0 ၊ ROM က A9 မှ A0 အသုံးပြု၏။ address bus သည် အစိတ်အပိုင်းတစ်ခုအတွင်းမှ နေရာတစ်နေရာကို ရွေးချယ်ရာ၌သုံးသည့် ပစ္စည်းဖြစ်၏။ ထိုသို့ ဆောင်ရွက်ရန် ရွေးချယ်မှုနှစ်ခုကို ဆောင်ရွက်ရသည်။ ဦးစွာ ပစ္စည်းကို အရင်ရွေးရ၏။ နောက်မှ ထိုပစ္စည်းထဲမှ နေရာကို ရွေးရ သည်။

Administrator
စကားဝှက်များနှင့် ခွင့်ပြုချက်များကို သတ်မှတ်ခွဲဝေပေးရန် တာဝန်ယူကာ စီမံခန့်ခွဲရေး domain controller သို့မဟုတ် ဒေသတွင်း computers ၊ ၎င်းတို့ကို အသုံးပြုသူများ၊ group accounts နှင့် setting up တို့အတွက် တာဝန်ရှိသော ပုဂ္ဂိုလ်။

Adobe type manager
Font များ၏ ပုံသဏ္ဌာန်ကို ဖော်ပြရန်နှင့် အရည်အသွေးကို မပြောင်းစေပဲ လိုသည့် အရွယ်အစားပြန်ပြောင်းရန် အသုံးပြုသော software စံချိန်စံညွှန်းတစ်ခုဖြစ်သည်။ ဤစံသတ်မှတ်ချက်သည် Apple system 7 နှင့် Microsoft Windows 3.1 တို့နှင့် တွဲသုံးပြီး မည်သည့် point အရွယ်အစားကိုမဆို စကေးချနိုင်သည်။ မည်သည့် printer ဖြင့်မဆို print ထုတ်နိုင်သည်။ Adobe သည် software company တစ်ခုဖြစ်ပြီး Acrobat, ATM နှင့် Post Script စသော ပစ္စည်းများကို ထုတ်လုပ်သည်။

Advergame
Download လုပ်နိုင်သော game သို့ internetို အခြေခံသော game ဖြစ်ပြီး ပစ္စည်းတစ်ခု၏ ကုန်အမျတ်တံဆိပ် ကို game ၏ အဓိက အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းထားလေ့ရှိသော game ဖြစ်သည်။

.aero
သတ်မှတ်ထားသော အမည်များနှင့် နံပါတ်များအတွက် ဆောင်ရွက်ပေးသော internet ကော်ပိုရေးရှင်း (Internet Corporation for Assigned Name and Numbers (ICANN) က 2000 ပြည့်နှစ်တွင် အတည်ပြုပေး ခဲ့သော အဆင့်မြင့် domain name ခုနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ .aero ဆိုသည်မှာ လေကြောင်း သယ်ယူပို့ ဆောင်ရေးလုပ်ငန်းနှင့် ဆက်နွယ်နေသော website ဟု အဓိပ္ပါယ်ရသည်။ ထို domain name အသစ်ခုနှစ်ခုကို 2001 ခုနှစ် နွေဦးရာသီမှစ၍ အသုံးပြုနိုင်ခဲ့သည်။

Aggregator
အခြားကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများကို စုစည်း၍ စားသုံးသူများထံ Website တစ်ခု တည်းမှ သတင်းဖြန့်ချိပေးသည့် internet ကုမ္ပဏီဖြစ်သည်။

Air Snort
ကြိုးမဲ့ကွန်ရက်များမှ ပေးပို့သော သတင်းအချက်အလက်များတွင် ပါဝင်သည့် စကားဝှက်များကို စုစည်းရန်နှင့် စကားဝှက်ပြန်ဖော်ရန် အသုံးပြုသော ကိရိယာဖြစ်သည်။ Air Snort သည် ကြိုးမဲ့ထုတ်လွှင့်မှုများကို ထိန်းသိမ်း ကွပ်ကဲပြီး သတင်းအချက်အလက်စုံတွဲများကို စုစည်းပေးသည်။ သတင်းထုတ်လွှင့်ပေးပို့ရာတွင် အသုံးပြုသော စကားဝှက်ရေးသွင်းမှု key များကို computer ဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်သည်။ Air Snort သည် ၀ိုင်ယာကြိုး သုံး ပရိုတိုကော Wired Equivalent Protocol (WEP) စံ သတ်မှတ်ချက်တွင် ဖြစ်ပေါ်တတ်သော လုံခြုံရေး အားနည်းချက်များမှ အခွင့်အရေးရအောင် ဆောင်ရွက်နိုင်သည်။

A-Life
Artificial Life ၏ အတိုကောက်ဖြစ်သည်။ computer program သို့မဟုတ် computer စနစ်တစ်ခုက သက်ရှိ လက္ခဏာများ၏ ပုံတူအသွင်အဖြစ် တစ်ခုဖန်တီးခြင်း။

Always on
Computer အသုံးပြုသူသည် Online နှင့် ဆက်နေသည်ဖြစ်စေ၊ ဆက်မနေသည်ဖြစ်စေ ဆက်သွယ်မှုကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်သော internet ဆက်သွယ်မှုဖြစ်သည်။ အမြဲဖွင့်ဆက်သွယ်မှု (Always On) များသည် computer အသုံးပြုသူများက internet ဆက်သွယ်မှုကို ပြန်ဖွင့်ပြန်ဆက်ရန် မလိုဘဲ အဆင်ပြေ အောင် ဆောင်ရွက်ပေးသည်။ သို့သော် hacker များက ထိုစနစ်ကို ဆက်သွယ်မှုကိုလည်းကောင်း၊ ဒုက္ခပေးနိုင် သော program များကို ပြန့်ပွားအောင် ဆောင်ရွက်စေနိုင်ရန်လည်းကောင်း အခွင့်အလမ်းများကို ပိုမိုရရှိစေ သည်။

ဆက်လက်ဖော်ပြပါမည်။ --

Tuesday, March 31, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ သဘော

ဗိုလ်ချုပ်၏ဆန္ဒ

၁၉၄၇ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ နှစ်သစ်ကူး မိန့်ခွန်း မြွက်ကြားရာတွင် “တော်လှန်ရေးဆိုတာ ဘာကိုဆိုသလဲ၊ လူထုဆိုတာ ဘာလဲ၊ ခေါင်းဆောင်မှု ဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာ ဘာလဲ အစရှိတဲ့ တိုင်းပြည်မှာ သတင်းစာတွေကော၊ နိုင်ငံရေးသမားတွေရော စမ်းတဝါးဝါး ရေးသားပြောဆိုနေတာကို တွေ့ရလို့ ဖြေရှင်းလိုသေးတယ်” ဟူ၍ သူ့ဆန္ဒကို ထုတ်ဖော်ခဲ့လေသည်။
၎င်းနောက် တဖန် ထိုနှစ်အတွင်းမှာပင် ဇူလိုင်လ (၁၃) ရက်နေ့က ရန်ကုန်မြို့တော်ခန်းမမှနေ၍ ဗိုလ်ချုပ်အောင် ဆန်း၏ နောက်ဆုံးမိန့်ခွန်းခေါ်ရမည့် နိုင်ငံရေး ရှင်းတမ်းကြီး ထုတ်ခဲ့ရာတွင်လည်း “နိုင်ငံရေး အကြောင်းကို ဖွင့်သင့်သောအခါ အပတ်စဉ် နေ့စဉ် ရှင်းပြသွားချင်ပါတယ်။ ရှင်းပြချင်တာတွေ ဗိုက်ထဲမှာ အများကြီးရှိတယ်။ ဒါပေမယ့် ကျုပ်ကလည်း မအားဘူး။ နိုင်ငံရေးဟာ ဘာလဲ၊ လွတ်လပ်ရေးဟာ ဘာလဲ၊ ခေါင်းဆောင်မှုဟာ ဘာလဲ၊ အချောင်သမားဆိုတာ ဘာလဲ၊ ဒါတွေကို ရှင်းပြချင်ပါတယ်။ သတင်းစာထဲမှာ ရေးချင်တာတွေ ရေးတာကို ခင်ဗျားတို့ ထင်ချင်တာ ထင်နေရတယ်။ ကျနော်လည်း မအားလို့ ကြည့်နေရတာပဲ” ဟူသော စကားများ ပါခဲ့ ပေသည်။
သို့သော် ဗိုလ်ချုပ်ခမျာမှာ ထိုမိန့်ခွန်းကို မြွက်ကြားပြီးနောက် ရက်သတ္တတပတ်ခန့် မျှသာ လူ့ဘဝတွင် အသက်ရှင် နေသွားရရှာသဖြင့် သူရှင်းလင်းပြချင်သော အချက်တို့မှာ သူ့ဆန္ဒအတိုင်း အကောင်အထည်ဖော်မသွားနိုင်တော့ ပေ။ သို့သော် ဗိုလ်ချုပ် အမြို့မြို့တွင် ပြောဟောခဲ့သော မိန့်ခွန်းများထဲမှ ဗိုလ်ချုပ်ရှင်းပြချင်ခဲ့သော နိုင်ငံရေး စကားလုံးအချို့အဝက်ကိုကား တွေ့နိုင်ပါသေး၏။ ဆောင်းပါးတွင်ကား ထိုရှာဖွေတွေ့ရှိချက်များကို တင်ပြထား ခြင်းဖြစ်၍ နိုင်ငံရေး အဘိဓာန်အတွက်သာမဟုတ်၊ ဗိုလ်ချုပ်၏ နိုင်ငံရေးယူဆချက်များကိုပါ အကဲခတ်နိုင်မည် ဖြစ်ပေသတည်း။
နိုင်ငံရေး။ ။နိုင်ငံရေးမည်သည် တရားသည်ဆိုသော သဘောမရှိ။ အောင်နိုင်အောင် စီစဉ်ဆောင်ရွက် ကြရကြောင်း၊ လွတ်လပ်ရေးကို မပေးတာ မတရားဘူး၊ တရားရာကျအောင် လွတ်လပ်ရေး ပေးပါဟု တောင်းခြင်း။ ယူအန်အို (UNO) တို့ ဘာတို့ကို ကြေးနန်းရိုက်၊ စာပို့လူလွှတ် တောင်းနေလို့ ဘယ်တော့မှမရနိုင်။ သတင်းစာတွေထုတ်။ ဟိန်းဟောက်နေရုံနဲ့လည်း မရနိုင်။ အင်အားနဲ့ ကျကျနနရှိမှ လွတ်လပ်ရေးကို ရနိုင်မည်။ အားရှိမှ လူလေးစားသည်။ ဒါကြောင့် အားရှိကြောင်း ပြနိုင်အောင် ကြိုးစားကြရမည်။ (၁၇-၁၁-၄၆ နေ့က သာစည်တွင် ဟောပြောချက်မှ)
အစိုးရ။ ။ အစိုးရဆိုတဲ့ သဘောတရားနှင့် ပတ်သက်ပြီး ရှေးတရုတ်၊ အိန္ဒိယ၊ ခေါမ၊ ရောမခေတ်ကစပြီး ယနေ့အထိ။ သဘောအမျိုးမျိုးပဲ ပေါ်ခဲ့တယ်။ ယခုခေတ်မှာတော့ ကာလ်မတ်ဆိုတဲ့ ပုဂ္ဂိုလ်ကစတဲ့ မာက်စ်ဝါဒ သဘောတရားဟာ တဖြည်းဖြည်းခေတ်စားလာတယ်။ အဲဒီဝါဒဟာလည်း အဆုံးစွန်ဆုံး တရားမဟုတ်သေးဘူး။ ရှာတုန်း၊ ဖွေတုန်း၊ တိုးတက်တုန်းပဲ။ အဲဒီလိုသဘောအမျိုးမျိုးဆိုပေမယ့် နိုင်ငံရေးဟာ စီးပွားရေးအုတ်မြစ်ပေါ်မှာ တည်တယ်ဆိုတာကတော့ ဘယ်သူမှမငြင်းတော့ပါဘူး။
လူရယ်လို့ဖြစ်လာရင် လူဟာ စားရမယ်၊ ဝတ်ရမယ်၊ နေရမယ်။ အဲဒီအစားအဝတ်၊ အနေအထိုင်နဲ့ ပတ်သက်ပြီး လူရဲ့ဝတ္ထုပစ္စည်း အသုံးအဆောင်တွေကို ရှာကြံတဲ့အခါကျတော့ လူ့ပစ္စည်းလုပ်ငန်း စနစ်တွေ ပေါ်လာတယ်။ အဲဒီပစ္စည်းလုပ်ငန်း စနစ်တွေပေါ်လာ တဲ့အခါ လူအချင်းချင်း ဆက်ဆံပေါင်းသင်းမှု စနစ်ဟာ ပေါ်လာ တယ်။ လူတန်းစား ခြားနားလာကြတယ်။ အဲဒီလို ခြားနားလာ ကြရာက အကျိုးချင်းကွဲပြားပြီး ပဋိပက္ခ ဖြစ်လာကြတယ်။ ဒီပဋိပက္ခဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက်တုန်းကတော့ လူတွေပဲ။ ဒါပေမယ့် နောက်ကျတော့ လူ့အထက် ရောက်သထက် ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘဝသို့ရောက်သွားတယ်။ အဲဒီကစပြီး အစိုးရဆိုတာ လူတွေကအာဏာအပ်လို့ ဖြစ်လာတာပါက လား ဆိုတဲ့သဘောဟာ လုံးလုံးပျောက်သွားတာပဲ။
အဲရှင်ဘုရင်စနစ်လို သားစဉ်မြေးဆက်ခံတဲ့ အစိုးရမျိုးကျတော့ ဘာပြောစရာရှိတော့မလဲ။ တခါလဲ အစိုးရဆိုတာ ဘုန်းကံကြောင့်ဆိုပြီးတောင် တခါတုန်းက မယူမဖြစ်တဲ့အထိ အစိုးရရဲ့ မူလသဘာဝဟာ ပျောက်ခဲ့တာပဲ။
အစိုးရဆိုတဲ့အာဏာဟာ အင်မတန် အဖိုးတန်အသုံးဝင်တယ်။ အဲဒီအာဏာကိုလည်း ပစ္စည်းအင်အား ကောင်းတဲ့ လူတွေ အချင်းချင်းလုကြတယ်။ ရရင်လည်း လက်က မလွှတ်ချင်ဘူး။ တိုင်းသူပြည်သားတွေဆိုတာကတော့ အဲဒီအထဲမှာ တုတ်လုပ်အရိုက်ခံရမယ့် အခါကျမှ ပါရတာပဲ။ ဒီလိုအာဏာလုကြတဲ့အခါမှာ ဒီမိုကရေစီဆိုပြီး ပြည်သူ့ ဆန္ဒ၊ ပြည်သူ့အာဏာလို့ ကြွေးကြော်ဟစ်အော်ပြီး ညာတဲ့စနစ်တွေလည်း ရှိတယ်။ (၂ဝ-၅-၄၇ နေ့က ကျင်းပခဲ့သည့် ပဏာမညီလာခံတွင် မိန့်မြွက်ခဲ့သည့် ညီလာခံမိန့်ခွန်းမှ)
သမ္မတစနစ်။ ။သမ္မတစနစ်သာ တိုင်းသူပြည်သားတွေသာလျှင် အရင်းခံမူလဘူတ ဖြစ်တယ်ဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ လူလူချင်းအတူတူပဲဆိုတဲ့ သဘာဝကို ပြန်ဖော်တယ်။ (ပဏာမညီလာခံ မိန့်ခွန်းမှ ၂ဝ-၅-၄၇)
ပြည်သူ့အာဏာ။ ။ အချုပ်ပြောရရင် ရှေးတုန်းက ဘုရင်တဦးရဲ့လက်ထဲမှာ အာဏာရှိတယ်။ ကျနော် တို့က အဲဒီလိုမဖြစ်စေချင်ဘဲနဲ့ တိုင်းသူပြည်သားတွေရဲ့ အာဏာပိုင်ဖြစ်စေချင်တယ်။ တိုင်းသူပြည်သားတွေ လုပ်တဲ့ လွတ်လပ်ရေးကို လိုချင်တယ်။ (၂၄-၁၁-၄၆ နေ့တွင် မန္တလေးလူထုသို့ ဟောပြောချက်)
လွတ်လပ်ရေး။ ။ လွတ်လပ်ရေးအဓိပ္ပာယ်ဟာ အေးအေးချမ်းချမ်းနှင့် ကောင်းကောင်းစားသောက်ဖို့ လုပ်တဲ့အခါမှာ အခြားလူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲ တိုးတက်မှုလုပ်တာဟာ လွတ်လပ်ရေးပဲ။ (၁၃-၇-၄၇ နေ့က ဟောပြောခဲ့သည့် နိုင်ငံရေးရှင်းတမ်းမှ)
တော်လှန်ရေး။ ။ တော်လှန်ရေးဆိုတာ အဖျက်လုပ်ငန်းတိုင်းလုပ်မှ တော်လှန်ရေးမဟုတ်ဘူး။ တော်လှန်ရေးဆိုတာ လူထုကံကြမ္မာကို ဖန်တီးရာမှာ လူထုကိုယ်တိုင်ပါဝင်ပြီး ဘယ်လိုဖြစ်ဖြစ် ဆောင်ရွက်တာကို ဆိုလိုတယ်။ တော်လှန်ရေးရဲ့ အခြေခံအချက်က လွတ်လပ်မှုကို လူထုကြီးက ပါဝင်ဆောင်ရွက်မှု၊ နိုးကြားမှုများနှင့် ပြောင်းလဲမှု များကို ဖြစ်စေတာကို တော်လှန်ရေးလို့ခေါ်တယ်။

ခေါင်းဆောင်။ ။ ခေါင်းဆောင်ဆိုတာ ကြိုက်ကြိုက်မကြိုက်ကြိုက် ဟုတ်တာ မှန်တာဆိုရင် ပြောရဲ ရမယ်။ ညွှန်ပြရဲရမယ်။ ခေါင်းဆောင်ဟာ ခေါင်းရှောင်မဖြစ်စေရဘူး။ ကျနော်ကတော့ လူတိုင်းကြိုက်ကို လိုက်ပြောမှာ မဟုတ်ဘူး။ တိုင်းပြည်နှင့် လူထုအကျိုးရှိကြောင်းဆိုရင် ပြောမှာပဲ၊ လုပ်မှာပဲ။ (၂၁-၃-၄၇ နေ့က စစ်ကိုင်းတွင် ဟောပြောချက်မှ)
ပြည်သူ့ရဲဘော်။ ။ ရဲဘော်တို့ဟာ ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ အကျင့်သိက္ခာနှင့် မလျော်ညီစေဘဲ တိုင်းသူ ပြည်သားများအပေါ် မောက်မောက်မာမာနှင့် ပြုမူခြင်း၊ ဟိတ်ဟန်ပြခြင်း၊ တိုင်းသူပြည်သားများအား ခြိမ်းခြောက် ခြင်းတို့ကို ပြုမူပါက ရဲဘော်တို့၏ ပြည်သူ့ရဲဘော်ဆိုသော နာမည်နှင့်အဘယ်သို့မျှ ဆက်ဝင်၍မရဘဲ တိုင်းပြည်၏ ရန်သူသာလျှင်ဖြစ်မည်။ (၂၄-၁၁-၄၆ နေ့က မန္တလေး ပြည်သူ့ရဲဘော်ဗိုလ်ရှုညီလာခံမှ)
ဒီမိုကရေစီအဟောင်း။ ။ဒီမိုကရေစီဆိုတာ လူတွေရဲ့အကျိုးကို လုပ်ရအောင် လူတွေက တင်မြှောက် တဲ့ လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီဖြစ်နိုင်တယ်။ တခြားဟာတွေ ဒီမိုကရေစီအစစ်မဖြစ်နိုင်ဘူး အတုတွေသာ ဖြစ်မယ်။ ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီး သံတမ်း ပြောကြ တာတွေလည်း အများကြီးပဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း၊ လူတန်းစားအချင်းချင်း အစရှိသည် အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။ အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲလောက်ပဲ။ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ ပစ္စည်း အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့စနစ် အခြေခံတဲ့ ဒီမိုကရေစီဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင်စနစ် အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီးထားတဲ့အုပ်ချုပ်ရေးပဲ။ (၂ဝ-၅-၄၇ ပဏာမညီလာခံ မိန့်ခွန်းမှ)
ဒီမိုကရေစီအသစ်။ ။ ယခု အချို့နိုင်ငံတွေမှာ ကျုပ်တို့ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်းစာတွေဖြစ်ဖြစ် လူတစုလောက်သာ ကြိုးကိုင်ထားတဲ့ အရင်းရှင်လုပ်နေတဲ့ စနစ်တွေသာဖြစ်တယ်။ ကျုပ်တို့လုပ်ချင်တာကတော့ Greatest Happiness of the Greatest Number လူအများဆုံး အကောင်းဆုံး ချမ်းသာသုခရအောင် အဲဒီလူအများက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာပဲ။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဆိုရှယ်လစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒ။ ။ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ စင်စစ်တော့ ဒီမိုကရေစီဝါဒက ဖြာထွက်သွားတာတွေပဲ။ ဘယ်ဟာက ဒီမိုကရေစီ မဝင်သေးဘူး။ နိုင်ငံရေးတွင်သာမက စီးပွားရေးပါမှ ဒီမိုကရေစီ ဖြစ်နိုင်မယ်လို့ ဒီမိုကရေစီသဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာ ဖြစ်တယ်။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဖက်ဆစ်ဝါဒ။ ။ ဖက်ဆစ်စနစ်ဆိုတာဘာလဲ။ ကြမ်းသင့်လို့ကြမ်းတာကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ကိုယ်နှင့်စိတ် မသင့်တာလုပ်သမျှကို ဖက်ဆစ်စနစ်လို့ခေါ်တာ မဟုတ်ဘူး။ ငွေပင်ငွေရင်းရှင် (Finance Capital ) ကြီးတွေက လက်ကိုင်လုပ်ထားတဲ့ တပည့်တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းအတမ်း ဖိနှိပ်ပြီး အင်မတန်ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေးတရား လက်ကိုင်ထားတဲ့ ဝါဒဟာ ဖက်ဆစ်ဝါဒပါပဲ။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံ မိန့်ခွန်းမှ)
ဖဆပလ။ ။ ဖဆပလရဲ့ အဓိပ္ပာယ်ကတော့ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဂျပန်တွေကို တော်လှန်ပြီး လွတ်လပ်ရေးရဖို့ လွတ်လပ်တဲ့ အစိုးရအဖွဲ့ကို တည်ထောင်ဖို့ ဖြစ်တယ်။ ဂျပန်တွေရှိစဉ်ကတတည်းက ဖဆပလအဖွဲ့ကို လျှို့ဝှက်စွာ တည်ထောင်ခဲ့ပါတယ်။ တိုင်းပြည်ကို သစ္စာမဖောက်ဘဲ တည်ထောင်ခဲ့ပါတယ်။ ဥပမာပြရလျှင် လွန်ခဲ့တဲ့ တနှစ်လောက်တုန်းက (၁၉၄၅ နှစ်က) ဖဆပလအဖွဲ့ချုပ်ကြီး တခုသာရှိခဲ့တယ်။ အင်္ဂလိပ်တွေဟာ ဖဆပလအဖွဲ့ချုပ်ကြီး ပြိုကွဲအောင် အမျိုးမျိုးကြိုး စားခဲ့ကြတယ်။ အိန္ဒိယပြည်မှာကတည်းက ပြိုကွဲအောင် စီမံကိန်းတွေထုတ်တယ်။ ဒါပေမယ့် ဖဆပလအဖွဲ့ကြီးဟာ ဗမာပြည်မှာ အင်အားကြီးမှန်း သိလာတော့ ဖဆပလအဖွဲ့ကြီးနဲ့ စကားကမ်းလှမ်းခဲ့ရတယ်။ ဖဆပလဟာ နေသူရိန် ဆုံးဖြတ်ချက်အတိုင်း တိုင်းပြည် ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားအစိုးရဖွဲ့ပြီး အာဏာကုန်ပေးရန် တောင်းဆိုခဲ့တယ်။ (၂၃-၁၁-၄၆ နေ့က မန္တလေးနှင့် မေမြို့လူထုသို့ ဟောပြောချက်မှ)
လူများစု။ ။ ဒီနေရာမှာ လူများစုလို့ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီး လူများစု လူနည်းစုဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားတဲ့လူများစု လူနည်းစု ကိစ္စတွေမှာ တော့ လူများစုလူမျိုးက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီမှန်မယ်။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
လူနည်းစု။ ။ လူမျိုးရေး လူနည်းစုဆိုတာ လူဦးရေဘယ်လောက်ရှိမှ လူမျိုးရေးလူနည်းစု ခေါ်မလဲဆိုတာကို သိဖို့လိုတယ်။ အရင်စစ်မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ နိုင်ငံပေါင်းချုပ် အသင်းကြီးက သရုပ်ပြဋ္ဌာန်းထားကတော့ လူမျိုးရေး လူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလုနည်းစုလို့ ခေါ်နိုင်မယ်ဆိုထား တယ်။ ဘာပြုလို့လဲဆိုရင် ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ) လောက်ရှိတယ်။ အဲသလိုသာ လူမျိုးကွဲတိုင်း လျှောက်ပြီး ခေါ်နေရရင် ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်တာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာတော့ လူမျိုးရေး လူများစုရဲ့ ဆယ်ပုံတပုံလောက်ရှိရင်ပဲ လူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေးလူနည်းစုကို မရှိနိုင်တော့ဘူး။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
လူမျိုးကြီး။ ။ အင်္ဂလိပ်လိုမှာ (Nation or Nationality) အစရှိသည်အားဖြင့် လူမျိုးတွေကို အသီးသီး ခေါ်ထားတာရှိတယ်။ (Nation or Nationality) ဆိုတာမျိုးကတော့ ဗမာလိုတိတိကျကျ ဘယ်လိုပြန်ရမယ်ဆိုတာ ဗမာ အဘိဓာန်ကျကျနန ထွက်မှပဲ ဖြစ်နိုင်မှာပဲ။ အဓိပ္ပာယ်ကတော့ ဥပမာဗြိတိသျှလူမျိုးဆိုရင် အင်္ဂလိပ်-စကော့၊ ဝေလ-အိုင်းရစ်လူမျိုးတွေ စုပေါင်းထားတာကို ခေါ်တာပဲ။ အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပက လူမျိုးစုံ အမေရိကမှာ လာနေပြီး အမေရိကန်လို့ ခေါ်နေတဲ့ လူအားကိုခေါ်တာပဲ။ ဒီတော့(Nation or Nationality) ခေါ်တဲ့ လူမျိုးကြီး ဆိုကြပါစို့။ အဲဒီလူမျိုးကြီး ဆိုတာဟာ ဘယ်လိုအချင်းအရာတွေနှင့် ပြည်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ၊ အဲဒီလူမျိုးပြဿနာနှင့် ပတ်သက်ပြီး အခုကမ္ဘာကျော် ဆိုဗီယက်ယူနီယံ ခေါင်းဆောင်ကြီးဖြစ်တဲ့ စတာလင် ဘယ်လို သရုပ်ဖော်ထားသလဲ ဆိုရင် “A Nation is historicaly evolved, stable community of language, Territory, Economic life, and psychological make-up manifested in a community culture.” ---လူမျိုးကြီးဆိုတာ ရာဇဝင်အရ ဖြစ်ပွားလာပြီး တည်တည်တံ့တံ့နေလာတဲ့ သူ့ဘာသာစကားနှင့် သူ့နယ်သူ့မြေနှင့် သူ့စီးပွားရေးနှင့် သူ့ယဉ်ကျေးမှုပညာ ထုံးစံဓလေ့တွေနှင့် ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုံပဲလို့ စတာလင်က သရုပ်ဖော်ပြခဲ့တယ်။ ဒီအချက်တွေကို အခြေပြုပြီး စဉ်းစားရင် ကျနော်တို့ဗမာပြည်မှ (Nation or Nationality) လူမျိုးကြီးအဖြစ်နှင့် ဘယ်နှမျိုး ရှိသလဲဆိုရင် စင်စစ်ပြောရရင်တော့ အားလုံးတမျိုးတည်းပဲ ရှိနိုင်မည်။ (၂ဝ-၅-၄၇ နေ့ ညီလာခံမိန့်ခွန်းမှ)
ပြည်ထောင်စု။ ။ကျနော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘော တည်ထောင် မလား၊ လူမျိုးကြီးတမျိုးတည်းဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုရ မည်ဟူက ကျနော့်အမြင်အရဆိုလျှင် အထက်က လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်ပြီး ပေးပြီးတော့ (Unitary State) လူမျိုးကြီး တမျိုးတည်းဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့ မဖြစ်ဘူး၊ ပြည်ထောင်စုသဘောမျိုး ဖြစ်ရမှာပဲ။
ဒါပေမယ့် ပေါင်းကာမှ ဆေးအတွက်လေးတဲ့ ပြည်ထောင်စုမျိုး။ လီနင်ပြောသလို တစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ (The part contradicting the whole) ပြည်ထောင်စုမျိုး ဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျစီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရလိမ့်မယ်။ ဒါမှ လူမျိုးအားလုံး၊ တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်းကောင်း ကျိုးရှိအောင် ပေါင်းတာမျိုးဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းမှ မဖြစ်နိုင်ဘူး။ (၂ဝ-၅-၄၇ နေ့ ပဏာမ ညီလာခံမိန့်ခွန်းမှ)
ဤသည်တို့ကား ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်စဉ်က ထိုထိုမြို့ရွာများတွင် ဟောပြောခဲ့သော မိန့်ခွန်းများမှ ကောက်နုတ်ဖော်ပြအပ်သည့် နိုင်ငံရေးစကားလုံး အချို့အချို့၏ အဓိပ္ပာယ်ဖွင့်ပြချက်များ ဖြစ်ကြပေရာ ဤနိုင်ငံရေး စကားလုံးများအပြင် ဖော်လံဖား၊ စားဖား၊ ခွတုပ်စီးဝါဒနှင့် ဆိတ်လစေ့ စသော နိုင်ငံရေးဗန်းစကားများကိုလည်း အကြောင်းအားလျော်စွာ ထည့်သွင်းသုံးစွဲခဲ့ပေသေး၏။ ယင်းစကားအားလုံးတို့ကို ဤဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြရန် နေရာမရှိတော့သဖြင့် ချန်လှပ်ထားခဲ့ ရပေတော့မည်။ စင်စစ်သော်ကား ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များတွင်သာမဟုတ်။ အခြားခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများတွင်လည်း နိုင်ငံရေးစကားလုံးများ၏ ဋီကာဖွင့်ချက် များကို တွေ့နိုင်ပေသေးရာ ယင်းစကားအားလုံးတို့ကို စုဆောင်းကောက်နုတ်၍ မှတ်တမ်းတင်ထား သင့်လှပေသတည်း။
(လူထုဂျာနယ် အောက်တိုဘာ၊ ၁၉၅၃၊ အမှတ်-၄၂ မှ ကူးယူဖော်ပြသည်)

Thursday, January 22, 2009

About PAGEMAKER7.0 FOR DTP


စာစီစာရိုက်ရာတွင် အသုံးပြုမှုလွယ်ကူပြီး လိုအပ်သော အကူအညီများကို ပေးဆောင်နေတဲ့ ဆော့လ်ဝဲလေးပါ။

အသုံးပြုသူများပြားလာမှုကြောင့် ဒီလင့် လေးကို ချိတ်ထားပေးတာပါ။

နည်းပညာဖြန့်ဝေခြင်းသက်သက်ပါ ။

လေ့လာရလွယ်ကူအောင်မြန်မာဘာသာနဲ့ ဆော့လ်ဝဲလေးအကြောင်းကို တစေ့တစောင့်ဖော်ပြထားပါ။


အဲဒီဆော့လ်ဝဲလေးအကြောင်းကိုတော့ ဟော့ဒီမှာ ဖတ်ရူနိုင်ပါတယ်

My Myanmar 2009

ကွန်ပျူတာတစ်လုံးကို မြန်မာဘာသာနဲ့ လေ့လာချင်သူများအတွက်ပါ။
ဒီဆော့လ်ဝဲလေးကို အခမဲ့ ရယူနိုင်ပါတယ် ။
နည်းပညာအသစ်သစ်များထဲမှ ထွက်ပေါ်လာတဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူ
ဝမ်းမြောက်စရာလေးပါ။
အလွယ်တကူဒေါင်းလော့ ရယူဖို့အတွက်ပါ တော့
ဒီလင့် မှာ ရယူနိုင်ပါတယ် ။

Sunday, January 4, 2009


လွမ်းနေဆဲပေါ့ချစ်သူ
ဒီမိုးလွန်လို့ ဒီဆောင်းရောက်လည်း
လွန်ခဲ့သောကာလများအတွက်
ဖြေသိမ့်စရာဆိုလို မင်းအပြုံးနဲ့ -လွမ်းနေဆဲပေါ့ချစ်သူ
ဒီမိုးလွန်လို့ ဒီဆောင်းရောက်လည်း
လွန်ခဲ့သောကာလများအတွက်
ဖြေသိမ့်စရာဆိုလို မင်းအပြုံးနဲ့ ----
ဘာမဆို နားလည်မှုများနဲ့
တို့နှစ်ဦးရဲ့ အချစ်ခရီးလေး
ဖြောင့်ဖြူးနေဆဲပေါ့ ချစ်သူရယ်
မင်းအတွက်နဲ့ ဘာမှစိုးရိမ်စိတ်မရှိတဲ့
ကိုယ်စိတ်ကိုလည်း နားမလည်သလိုပဲ
ဒါပေမယ့် မင်းကိုတော့ လွမ်းနေတယ်ဆိုတာ
အမှန်တွေပါပဲ ချစ်ခဲ့ရသူရယ်

Friday, October 3, 2008

ကံ

ကံချင်းကတော့ မတူပါလေ

ကံဆိုတာ သိထားဖို့ အလွန် လိုအပ်ပါတယ် .....ဘုရားပွင့်တဲ့ခေတ်တုန်းက ကံနဲ့ပတ်သက်လို့ ပြောသူ ၂ ဦးရှိတယ်..။ ဂေါတမဗုဒ္ဓနဲ့ ဂျိန်းဘာသာခေါင်းဆောင် နိဂန္တဆိုသူပဲ..။ ၂ဦးစလုံးက ကမ္မ၀ါဒကို လက်ခံတယ်ဆိုထားတာကိုး..။ ဂျိန်းဘာသာရေး စာပေတွေ၊ သမိုင်းကြောင်းတွေ လေ့လာကြည့်ရင် သိပ်စိတ်ဝင်စားဖို့ကောင်းတယ်..။ ဂျိန်းကံက မြန်မာလူမျိုးတစ်ယောက်ကို ရှင်းပြဖို့မခက်လှဘူး..။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာလို့ အမည်ခံနေကြသူတွေ ယူတဲ့ကံနဲ့ တော်တော်လေးကိုတူနေလို့ပဲ..။

ဂျိန်းကံ

- မမွေးခင်ပြုထားတဲ့ ကံတွေကြောင့် ဒီဘ၀ဖြစ်ရတယ်။
- ဒီဘ၀မှာပြုတဲ့ကံတွေကြောင့် သေပြီးရင် နောင်ဘ၀ဖြစ်မယ်။
- ပန်းတိုင်က အဲဒီကံတွေ ကုန်သွားအောင်၊ သေပြီးနောင်ဘ၀မဖြစ်အောင်
ယောဂအကျင့်တွေကျင့်ပြီး ကံတွေကိုပွန်းအောင် နောက်ဆုံး ကုန်သွားအောင် လုပ်တဲ့နည်းပဲ..။ ဂျိန်းတွေမှာ အဲဒီတုန်းက အခုခေတ်လိုပဲ တရားစခန်းတွေရှိတယ်..။ ဂေါတမဗုဒ္ဓရဲ့ အရိယမဂ္ဂင် ၈ ပါးလိုမဟုတ်ဘဲ အချိန်ပေးပြီး စခန်းသွင်းလေ့ကျင့်ရတယ်..။ တစ်ရက်မှာ ဂေါတမဗုဒ္ဓဟာ အေးအေးလူလူရှိတာနဲ့ ဂျိန်းတွေတရားစခန်းရှိတဲ့ တောင်ခြေကိုလာတယ်..။ ဂျိန်းတွေကတော့ အပြင်းအထန်လေ့ကျင့်နေကြတယ်..။ အဲဒါနဲ့ ဗုဒ္ဓက -
"ငါ့ရှင်တို့၊ ဘာရည်ရွယ်ချက်နဲ့ ဘာကြောင့်ဒီလိုအပင်ပန်းခံ ကျင့်နေတာလဲ"မေးတယ်..။ (ဒီနေရာမှာ ဖြတ်ပြောချင်တာက ဗုဒ္ဓရဲ့သဘောထားပဲ..။ ကိုယ်ကျင့်နေတာကို ဘာရည်ရွယ်ချက်နဲ့ကျင့်သလဲ၊ ဘယ်လိုပန်းတိုင်ရှိသလဲ သိသင့်တယ်..။ အဲဒါတွေ စဉ်းစားနေတာ တရားတက်ဖို့နှေးလိမ့်မယ်ဆိုတဲ့ သြ၀ါဒတွေဟာ ဗုဒ္ဓတပည့်တွေ မဖြစ်ထိုက်ဘူး..။) အဲဒီမှာ နိဂန္တတွေက - သူတို့ဆရာကြီးက အလုံးစုံကိုသိတဲ့ သဗ္ဗညုတရှိတယ်၊ ဆရာကြီးကပြောလို့ ရှေးဘ၀တွေကလုပ်ထားတဲ့ ကံတွေကုန်ပြီး နောင်ဘ၀မဖြစ်အောင်၊ သို့မဟုတ် ကံတွေကျန်ရင်လည်း ကောင်းကောင်းလေးဖြစ်အောင် လေ့ကျင့်နေတယ်လို့ ပြန်ဖြေတယ်..။ (အခုခေတ် တရားစခန်းက ယောဂီတွေထက်တော့ သူတို့ကသာသေးတယ်..။ ဟုတ်ဟုတ်မဟုတ်ဟုတ် ဘာကြောင့်ကျင့်နေသလဲ ပန်းတိုင်လေးတော့ သိသေးတယ်)။
ဗုဒ္ဓက - "အိုကေ၊ ဟုတ်ပြီ၊ မင်းတို့ကျင့်နေတာလည်း ကြာနေပြီ၊ ဆိုတော့ ကံတွေဘယ်လောက်ကုန်သွားပြီလဲ၊ ဘယ်လောက်ထပ်ကုန်ဖို့ကျန်သေးသလဲ" မေးတယ်..။ (အခုခေတ်မှာ ဗုဒ္ဓသာရှိရင် မြန်မာပြည်က တရားစခန်းတွေ တစ်ခုချင်းသွားပြီး အဲလိုမေးမှာပဲ ကြံကြံဖန်ဖန် တွေးမိတယ်..) အဲဒီမှာ ဟိုလူတွေက - "မသိပါဘူး အရှင်ဂေါတမ" ပဲပြောရတော့တာပေါ့..။ နောက်ထပ် မေးသမျှ မေးခွန်းတွေကိုလဲ မသိဘူးလို့ချည်း ဖြေတဲ့အတွက် ဗုဒ္ဓက - "မင်းတို့တွေ စတူးပစ်တွေပဲ.." ဆိုပြီးရှုတ်ချပါတယ်..။ (တရားကျင့်ဖူးတဲ့သူတွေတွေ့ရင် ဗုဒ္ဓကိုယ်စား အဲဒါလေးမေးပြီး မသိရင် ဗုဒ္ဓလိုပဲ သင်တို့တွေစတူးပစ်တွေလို့ ပြောရင်ဘယ်လိုနေမလဲ ကြံကြံဖန်ဖန် တွေးမိပါတယ်..)

အဘိဓမ္မာလာ ကံ

တတိယသံဂါယနာမှာပေါ်တဲ့ အဘိဓမ္မာပိဋကတ်မှာတော့ ဂျိန်းကံနဲ့ နည်းနည်းလေး ခွာသုံးထားတယ်..။ အသုံးအနှုန်းကိုက ကံသတ္တိလို့ခေါ်တယ်..။ အဲဒီမှာ ဂျိန်းတွေရဲ့ နောက်-အခု-နောင် ၃ ဘ၀ဆက်ကံက ပြန်ဝင်လာတယ်..။ ဆက်ပြီးတော့ ကံအကြီး၊ အသေး၊ အလတ် အခုဘ၀မှာအကျိုးပေးတဲ့ကံ၊ ဒုတိယဘ၀မှာအကျိုးပေးတဲ့ကံစတဲ့ ထွင်လုံးတွေနဲ့ ကံတွေကိုဖွင့်ဆိုလာတယ်..။ အကျိုးပေးပုံကလည်း ကိုယ်လုပ်လိုက်တဲ့အတိုင်း ခံစားမှု ရ ကိုယ်ကပြန်ခံရတယ်။ ဥပမာ - သူများကိုလက်ဖြတ်ရင် ကိုယ့်လက်ပြန်အဖြတ်ခံရတယ်.. အဲလိုပေါ့..။ သူများလက်ဖြတ်ရုံမကပဲ လူပေါင်းများစွာသတ်၊ မတရားတာမှန်သမျှအကုန်လုပ်၊ အဲလိုလူတွေကောင်းစားနေတာ ဒုနဲ့ဒေးပါနော်..။ အဲဒီလိုဖြစ်တော့ အဲဒီဟာကွက်ကြီးကို ဖာထေးဖို့ နောင်ဘ၀ဟာ မရှိမဖြစ်လိုအပ်ချက်ကြီး ဖြစ်လာပြန်ရော..။ နောင်ဘ၀ဖြစ်မဖြစ်ကို မယူဘူးပြောထားတဲ့ ဗုဒ္ဓရဲ့ အဆုံးအမထဲမှာ ဒီလွဲနေတဲ့ကမ္မ၀ါဒကြီးကို ဖာထေးဖို့ နောင်ဘ၀ဇာတ်လမ်းတွေ ဗုဒ္ဓဘာသာထဲရောက်လာပါတော့တယ်..။

အဘိဓမ္မာလာကံသတ္တိ

ကံသတ္တိနဲ့ပတ်သက်လို့ အဘိဓမ္မာနဲ့မိလိန္ဒစာအုပ်ထဲမှာ ဖြေရှင်းဖို့အများကြီးကြိုးစားခဲ့ကြတယ်..။ သို့သော် သူတို့စာမှာပါတဲ့ လောကမှာ စိတ်၊စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ကလွဲလို့ ဘာမှမရှိဆိုတဲ့ အချက်နဲ့တိုက်စစ်တော့ အဖြေမရှိဘူးဖြစ်နေတယ်..။ ကံပြုပြီးနောက် ကံသတ္တိကျန်ခဲ့ပြီး အဲဒီ့လူကို နောင်ဘ၀ဖြစ်ဖို့ သို့မဟုတ် ခံစားချက် အကောင်းအဆိုး တစ်ခုခုဖြစ်ဖို့ အရိပ်လိုလိုက်နေတယ် စောင့်နေတယ် ဆိုကြတယ်..။ မေးချင်တာက .. ဟုတ်ပါပြီ၊ အဲဒီ့ကံသတ္တိဟာ ပရမတ်တရား ၄ ပါးထဲမှာ ဘယ် ထဲထည့်မလဲ..။ ရုပ်လား၊ စိတ်လား၊ စေတသိက်လား၊ နိဗ္ဗာန်မဟုတ်တာတော့ သေချာတယ်..။ ဒါမှမဟုတ် ပရမတ်တရား ၅ ပါးဆိုပြီး တစ်ခုထပ်တိုးမလား..။ ဒါမှမဟုတ် ကံသတ္တိဟာ အရှိတရားမဟုတ်ဘူးလား မေးရတော့မယ်...။

ဗုဒ္ဓရဲ့ကမ္မ၀ါဒ

ဗုဒ္ဓရဲ့ကမ္မ၀ါဒဟာ အဲဒီလို ရှုပ်ရှက်ခပ်မနေဘူး..။ ရိုးရှင်းတယ်။ အပြစ် ရှာမရဘူး..။ အကျိုးလည်း တကယ်ရှိတယ်..။ ကိုယ်တိုင်လည်း သိနိုင်မြင်နိုင်တယ်..။ တရားနဲ့လည်း ဆက်စပ်မှုရှိတယ်..။ အရိယသစ္စာ ၄ ပါးနဲ့လည်း အံဝင်ခွင်ကျရှိတယ်..။ ဒုက္ခသံသရာနဲ့လည်း အချိတ်အဆက်မိတယ်..။ လွတ်မြောက်မှုဝိမုတ္တိရဲ့ လမ်းကြောင်းဖြစ်တဲ့ အရိယမဂ်နဲ့လည်း သဟဇာတရှိတယ်..။ ကံကိုလေ့လာတဲ့အခါ ကြားဖူးနေကျ ကံ၊ကံ၏အကျိုးဆိုတာလေးတင်မက ကံ၊ ကံရဲ့အကြောင်း၊ ကံရဲ့အကျိုးဆိုပြီး အစိတ်အပိုင်း ၃ ခုစလုံးကို တစ်ပိုင်းချင်းလေ့လာမှ ကမ္မနိယာမကိုခြုံမိပါလိမ့်မယ်..။ သမ္မာဒိဋ္ဌိ၊ဆိုတာကလည်း အဲဒီကံအင်္ဂါ ၃ ချက်အကြောင်း သဘောပေါက်သွားတာရဲ့ အမည်ပဲဖြစ်တယ်..။

ကံဟာ လူ့အဆင့်အတန်းကို ဆုံးဖြတ်ပေးတယ်လို့ ဗုဒ္ဓဟောချက်ရှိတယ်..။ လူတွေတစ်ဦးနဲ့တစ်ဦး အနိမ့်အမြင့်ဖြစ်နေတာအားလုံးဟာ ကံကြောင့်ပဲ..။ ဒီနေရာမှာ အဆင့်အတန်းဆိုတာဘာလဲ၊ အနိမ့်အမြင့်ဆိုတာ ဘာလဲ သေသေချာချာ သိဖို့လိုအပ်ပါတယ်..။ အဆင့်အတန်း အနိမ့်အမြင့်ဆိုတာ ဥစ္စာဆင်းရဲချမ်းသာမှုလား၊ ဂုဏ်ရည်ကျော်စောမှုလား၊ ကျန်းမာသန်စွမ်းမှုလား၊ ချို့တဲ့မှုလား၊ အဆင်းလှပမှု အဆင်းမလှပမှုလား၊ စိတ်အေးချမ်းသာမှု၊ ပူလောင်မှု (သက်သက်)လား ..လား.. လား..။ အဲဒါတွေအားလုံးဟာ ခံစားမှု အကောင်းနဲ့အဆိုးတို့ရဲ့ နာမည်တွေချည့်ပဲ..။ ဗုဒ္ဓနဲ့သူ့သာဝကတွေ ခဏခဏပြောတဲ့စကားတစ်ခုရှိတယ်..။ သူ့တရားက ဝေဒနာနဲ့မဆိုင်တဲ့တရားတဲ့..။ ဗုဒ္ဓတရားဟာ အပေါ်ကဟာတွေနဲ့ ပတ်သက်လို့ တိုက်ရိုက်ဘာမှမလုပ်ပေးနိုင်ဘူး..။ ဗုဒ္ဓတရားက ပေးနိုင်တာ တစ်ခုပဲရှိတယ်..။ ဒုက္ခဖြစ်ရာဖြစ်ကြောင်းနဲ့ လွတ်ရာလွတ်ကြောင်း အသိကလေးပဲ..။ ကျန်တာဘာဆိုဘာမှ မပေးနိုင်ဘူး..။ ကျန်တာပေးတယ်ဆိုရင် ဗုဒ္ဓတရားမဟုတ်ဘူးလို့ ရဲရဲပြောရဲတယ်..။ သူ့တရားရဲ့ ပန်းတိုင်က ရိုးသားဖြူစင်ယဉ်ကျေးမြင့်မြတ်သူ ဖြစ်စေဖို့..။ ဆိုတော့ လူ့အဆင့်အတန်းဆိုတာ ဖြူစင်မအှု တိုင်းအတာကို ဆိုလိုတာပဲ..။ ကံဟာ အဲဒီ ဖြူစင်မှု အတိုင်းအတာကို အဆုံးအဖြတ်ပေးတဲ့ တစ်ခုတည်းသောပစ္စည်းပဲ..။

အဲဒီကံဟာ ဘယ်သူဖန်ဆင်းတာလဲ..။ နတ်လား၊ ဓာတ်လား၊ ဖန်ဆင်းရှင်လား ဆိုတော့ .. ကံကို ကိလေသာကဖန်ဆင်းတယ်တဲ့..။ ကံဟာ ကိလေသာရဲ့အကျိုးတဲ့..။ ကိလေသာဆိုတာ မသမာမဒှု ဿနပဲ..။ စိတ္တဇပေါ့..။ သူသတ်ရဲ့သတ်မှု၊ သူခိုးရဲ့ခိုးမှုကစလို့ ရုပ်ထိုင်ရှုနာမ်ထိုင်ရှုတွေအထိ အားလုံးဟာ ကောင်းမယ်ထင်လို့လုပ်တဲ့အလုပ်တွေချည့်ပဲ..။ ကောင်းလားဆိုတော့ ခံစားမှုအားဖြင့်တော့ ကောင်းကြတယ်..။ ဘ၀အဆင့်အတန်းအားဖြင့်တော့ မကောင်းဘူး..။ ရိုးသားဖြူစင်မှုရဲ့ ဆန့်ကျင်ဘက်တွေဖြစ်လို့ မကောင်းတာပဲ..။ အဲလို ဝေဒနာကြောင့် ကောင်းမယ်ထင်နေတဲ့ လွဲမှားတဲ့ ဒဿနဟာ ကိလေသာပဲ..။ အဲဒီလွဲမှားတဲ့ ဒဿနက သူသတ်ကိုသတ်စေတယ်၊ သူခိုးကိုခိုးစေတယ်၊ နောင်ဘ၀မျှော်အလှူရှင်ကို လက်ငင်းအကျိုးထက် နောင်ကောင်းချင်မှုကို ဖြစ်စေတယ်..။ အဲဒါ ကံတွေပဲ..။ မသမာတဲ့ဒဿနကို အခြေခံတဲ့ ရည်စူးချက်ပါတဲ့ ကိုယ်၊နှုတ်၊နှလုံး အမှုတွေကို ကံလို့ခေါ်တယ်..။ ကံကလုပ်လိုက်ပြီးတော့ ဒီအတိုင်းရပ်မနေဘူး..။ ကံရဲ့အကျိုးက တဆက်တည်းကို အကျိုးပေးတယ်..။ အဘိဓမ္မာထဲက ကံသတ္တိလိုမျိုး အချိန်တွေဆိုင်းမနေဘူး..။ နေရာတွေလွဲမနေဘူး..။ ကိုယ်ကာယကြီး ခြားမသွားဘူး..။ ကံရဲ့အကျိုးဆက်က မသမာမှု ဒဿနရဲ့ အကြောင်းကိုဖြစ်စေတယ်..။ မသမာမှု ဒဿနဆိုတာ အပေါ်ကပြောခဲ့တဲ့ ကိလေသာပဲ..။ ကံရဲ့အကျိုးက ကိလေသာရဲ့အကြောင်း..။ အဲဒါကို ၀ိပါက်လို့ နာမည်ပေးထားတယ်..။ သတ်ဖူးတဲ့သူသတ်တစ်ဦး၊ ခိုးဖူးတဲ့သူခိုးတစ်ဦးဟာ အရိယမဂ္ဂင်တရားနဲ့ မတွေ့သေးသမျှကာလပတ်လုံး သတ်တဲ့ခိုးတဲ့အမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ သူသတ်အဖြစ်၊ သူခိုးအဖြစ် ၀ိပါက်(မသိစိတ်)မှာ ပုံရိပ်တွေကျန်ခဲ့တယ်..။ ဥပမာ ချစ်တယ်၊
မုန်းတယ်ဆိုတာ ချစ်လိုက်၊ မုန်းလိုက်ပြီးရင် မပြင်သရွေ့ချစ်စိတ်၊ မုန်းစိတ်က စွဲကျန်ခဲ့တဲ့ သဘောလိုပဲဖြစ်တယ်..။ ခိုးမှုသတ်မှုတွေက အဆုံးစွန်သော ဥပမာတွေပါ..။ သူများကို သာသာလေးနှိပ်လိုက်ရလို့ ကျေနပ်သွားတာတို့၊ ဘယ်သူမှမသိဘဲ မတရားအချောင်ရလိုက်တာတို့၊ မမြင်ရတဲ့ နောင်ဘ၀ကောင်စားရေး (သို့မဟုတ်) နောင်ဘ၀မဖြစ်ရေးကို ရည်မျှော်ပြီး အလှူပေး၊ ဥပုသ်စောင့်တာတို့ အဲဒီကံတွေဟာ မသမာမှု ဒဿနကိုအခြေခံပြီး မသိစိတ်(၀ိပါက်)မှာ နောက်ထပ်လုပ်ချင်စိတ်မျိုးစေ့ကို ချန်ခဲ့တယ်..။ အဲဒီ့ဝိပါက်ဟာ ကံရဲ့တစ်ခုတည်းသောအကျိုးပဲ..။ သူများသတ်ရင် အသက်တိုတာတို့၊ သူများပစ္စည်းခိုးရင် ဆင်းရဲတတ်တာတို့၊ အလှူပေးရင် ဥစ္စာပေါတတ်တာတို့ အဲဒါတွေဟာ ကံရဲ့အကျိုးလုံးဝ(လုံးဝ) မဟုတ်ပါဘူး..။ သူများသတ်လို့ ကိုယ်အသတ်ခံရတာ၊ သူများပစ္စည်းခိုးလို့ ထောင်ကျတာ ကိုယ်ညံ့လို့ပဲ..။ ကံကြောင့်မဟုတ်ဘူး..။ ဘာဖြစ်လို့အဲလိုပြောနိုင်သလဲဆိုတော့ သူသတ်တွေ၊ သူခိုးတွေ အများကြီးကောင်းစားနေတာ လူတိုင်းအသိပဲ..။ (နောင်ဘ၀မှာ ခံရမယ် ပြောဦးမလား..)

ဆိုတော့ ..
ကိလေသာကြောင့် ကံဖြစ်၊ ကံကြောင့် ၀ိပါက်ဖြစ်၊ ၀ိပါက်ကြောင့် ကိလေသာပြန်ဖြစ် ဆိုပြီး လည်နေတဲ့ စက်ကိုသံသရာလို့ ခေါ်ပါတယ်..။ လူကအဲဒီ့သံသရာရဲ့ ဖြစ်တည်ရာနေရာပဲ..။ အဲဒီ့သံသရာကဖော်လိုက်တဲ့ပုံရိပ်ဟာ လူမှာလာပေါ်တယ်..။ အဲဒါကို လူမဟုတ်တဲ့ အစွဲခန္ဓာ (၀ါ) ဥပါဒါနက္ခန္ဓာလို့ခေါ်တယ်..။ သူများကို နှိပ်လိုက်ရလို့ ကျေနပ်သွားသူတစ်ယောက်မှာ နောင်အခွင့်ရရင်အရင်ဖြစ်ဖူးတဲ့ သိရှိ၊မှတ်သား၊ခံစား၊တုန့်ပြန်၊ရှင်သန်ဖြစ်တည်မှု အစွဲခန္ဓာ ၅ ပါး ပြန်ပေါ်လာပြီး
နောက်ထပ်နှိပ်ကွပ်ပြန်ရော..။ မသိစိတ်မှာ ၀ိပါက်ကျန်ခဲ့ပြန်ရော..။ အဲဒီ့အစွဲခန္ဓာ ၅ ပါးဟာ ငါမဟုတ်၊ အတ္တမဟုတ်၊ အနတ္တလို့ ရှုကြလို့ ဘုရားရှင်သြ၀ါဒရှိပါတယ်..။

ကံနဲ့ကံရဲ့အကျိုးတွေဟာ ဒုက္ခအရိယသစ္စာ
ကံရဲ့အကြောင်းဟာ ဒုက္ခသမုဒယအရိယသစ္စာ
ကံနဲ့ပတ်သက်တာတွေ ချုပ်ငြိမ်းမှုဟာ ဒုက္ခနိရောဓအရိယသစ္စာ
အဲဒီ့ချုပ်ငြိမ်းမှု တွက် လေ့ကျင့်ရတဲ့ လမ်းကြောင်းဟာ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ ဆိုပြီး
အရိယသစ္စာ ၄ ပါးနဲ့ ကံဆက်စပ်ပုံကိုပြောရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ...။ ။

ဝေဒနာနဲ့ဗုဒ္ဓဓမ္မ

လောကမှာ ပုထုဇဉ်လူသားအားလုံးရဲ့ ပြုမူပြောဆိုနေထိုင်မှုတွေဟာ ခံစားမှုလို့ခေါ်တဲ့ ဝေဒနာတွေအတွက်ပဲ ဦးတည်နေကြတယ်..။ ဝေဒနာကို ပထမဦးစားပေးနေရာမှာထားကြတယ်။

ဝေဒနာဆိုတာကလည်း ကာမဂုဏ်အာရုံ ၅ ပါးကရတော့ အဆင်းလှလှ၊ အသံချိုချို၊ အနံ့မွှေးမွှေး၊ အရသာရှိရှိ၊ အထိအတွေ့ကောင်းကောင်းဆိုရင် တကောက်ကောက်လိုက်ချင်ကြတယ်။ အဲလိုလိုက်ကြရင်းနဲ့ လိုချင်တာတွေရသွားလို့ တဒင်္ဂဆန္ဒပြည့်သွားကြ သူများလည်း ရှိရဲ့။ မရလို့ သောကပူဆွေးသူများလည်းရှိရဲ့။ ရသူများ ရှိတဲ့ဟာလေး ဆုံးရှုံးလို့ ပူဆွေးသူများလည်းရှိလေရဲ့။
(သူများတွေနဲ့ တိုက်ဆိုင်လာရင်လည်း ကောင်းတဲ့ဝေဒနာလေးရရေး ဆိုးတဲ့ဝေဒနာ ပပျောက်ရေးအတွက် စိတ်ခုမှု၊ စကားများမှု၊ ကိုယ်ထိလက်ရောက်ဖြစ်မှုကစလို့ စစ်မက်ဖြစ်တဲ့အထိတောင်ပဲ။ (၁)
ဒီလိုပဲ ဝေဒနာကိုဦးတည်လို့ အနာဂတ်မျှော်လင့်ချက်ထားကာ သူတပါးအပေါ် အနစ်နာခံ ဆောင်ရွက်ပေးမှုတွေလည်း ပေါ်လာခဲ့တယ်။ (၂) )

ဒီလိုဆိုတော့ တချို့ အတွေးကောင်းသူတွေ တွေးလာကြတယ်။ ငါတို့ ပူဆွေးနေရတာဟာ ကာမဂုဏ်ကြောင့်။ ပူဆွေးမှုကြောင့်လွတ်ချင်ရင် ကာမဂုဏ်ဖြတ်နိုင်ရင်ကောင်းမှာပဲ။ အေးချမ်းမှာပဲ။ ကိုယ်ချမ်းသာတာက အဓိကမဟုတ်ဘူး။ စိတ်ချမ်းသာ၊ စိတ်အေးချမ်းမြေ့ဖို့က အရေးအကြီးဆုံးပဲ။ အဲလို ကာမဂုဏ်တွေကို ကြောက်လာကြတယ်။ တကယ်ကသူတို့ကြောက်တာ ပူဆွေးရတဲ့ ဝေဒနာတွေကိုပါ။

အဲဒီ့တော့ ကာမဂုဏ်တွေ အစိမ်းဖြတ် ဖြတ်လိုက်တယ်။ အဆင်းလည်းမကြည့်၊ အသံလည်းမနားထောင် ... စသည်ဖြင့်။ သို့သော်လည်း အထာမကျသေးတော့ တောင့်တပါလေရော။ တောင့်တတော့ စိတ်ကဆင်းရဲရတယ်။ အဲဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ ဝေဒနာကိုမကြိုက်ပြန်ရော။ တောက်လျောက်ဝေဒနာဦးစားပေးလာတာ အခုထိပဲ။ ဆိုတော့ စိတ်ဘာကြောင့်ဆင်းရဲရသလဲ။ အရင်ခံစားဖူးတာတွေကို တွေးပြီးတောင့်တလို့ပေါ့..။ ဟောအဖြေတွေ့ပြီ၊ အတွေးတွေအကုန်ဖြတ်။ တံခါးပိတ် ဂျိတ်ပေါ့။

နေပါဦးအတွေးတွေကိုပိတ်တော့ စိတ်ဘယ်နားထားရမလဲ။ လူဆိုတဲ့သတ္တ၀ါကလည်း တီထွင်ကြံဆမှုကတော်သကိုး။ ဆိုတော့ စိတ်ထားဖို့နေရာရှာကြရာက မြေကသိုဏ်း၊ မီးကသိုဏ်း၊ ရေကသိုဏ်း ကစလို့ အာနာပါန (ထွက်လေ၀င်လေ) ကိုပဲစိတ်ထားတဲ့ နည်းတွေပေါ်လာရော။ မတွေးဘဲစိတ်ကို ရုပ်အာရုံတစ်ခုပေါ်မှာထားရတာ တယ်ဇိမ်ရှိသကိုး။ ကာမဂုဏ်တွေကို သတိမရတော့ မမက်တော့ဘူး။ မမက်တော့ မပူဆွေးဘဲ အေးငြိမ်းလိုက်တာ။ (၃)

အဲလိုနဲ့ ရုပ်ပေါ်မှာစိတ်ထားရာကနေ ရုပ်တွေကမတည်ငြိမ်ပါလား။ စိတ်ကလေးကလည်း ယောက်ယက်ခတ်နေပါလား။ ဖြစ်လိုက်ပျက်လိုက်ဖြစ်နေပါလား။ ဘာမှမတည်မြဲပါလား ဆိုတဲ့ဒဿနပေါက်ပြီး ရုပ်တရားတွေကို မကြိုက်ချင်ချင်ဖြစ်လာရော။ မကြိုက်တော့ ရုပ်မရှိတဲ့နေရာသဘော ရုပ်မဲ့သဘောကို စိတ်သွင်းတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင်း အာရုံတွေအားလုံးနဲ့ အဆက်ပြတ်ပြီး အင်မတန်စိတ်အေးချမ်းတဲ့ ဝေဒနာအားဖြင့်အရမ်းကောင်းတဲ့ (ရုပ်မဲ့သဘော) သုညသဘောအာရုံကြီးမှာ စိတ်ထားတတ်သွားရော။ အဆင်းလှလှ၊ အသံချိုချိုထက် အစပေါင်းများစွာ အရသာရှိတဲ့ ဝေဒနာကြီးပါကလား ဆိုပြီး သုညဝေဒနာကြီးကိုစွဲလန်းပြန်ရော...။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် မသိတော့ဘူး။ တစ်ကိုယ်တော်လေး ငြိမ့်နေတော့တာပါပဲ..။ (၄)

အပေါ်ကလူတွေအားလုံးက ဝေဒနာ နံပါတ် ၁ ဦးစားပေးသမားတွေချည့်ပဲ။ ဝေဒနာဟာ သူတို့ဘ၀မှာအရေးအကြီးဆုံ နံပါတ် ၁ နေရာမှာချည်းပဲ။ ဝေဒနာကို ချစ်ကြ ကြောက်ကြသူတွေချည့်ပဲ..။ ဒီလိုနဲ့ပဲ ဘီစီ ၆ ရာစုလောက်မှာ ဂေါတမဗုဒ္ဓဆိုတဲ့ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့တယ်။

ဗုဒ္ဓဟာ ကာမဂုဏ်တွေကို လိုက်စားတာကိုလည်း ကာမသုခလ’ိကာနုယောဂဆိုပြီး အစွန်းငြိတယ်လို့ ပြောတယ်။ ကာမဂုဏ်တွေကို အကြောက်လွန်ပြီး စိတ်ထိန်းချုပ်ရှောင်ပြေးတာကိုလည်း အတ္တကိလမထာနုယောဂ နောက်တစ်စွန်းဆိုပြီး မလုပ်သင့်ကြောင်းပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝေဒနာကို သူက နံပါတ် ၁ နေရာမှာ မထားလို့ပဲ..။

ဗုဒ္ဓက ဝေဒနာကို မချစ်မကြောက်တဲ့ သူရဲကောင်းပေပဲ။ ဝေဒနာကို နှစ်သက်စရာလို့ မမြင်သလို ကြောက်စရာမုန်းစရာလို့လည်း မမြင်တဲ့ အလယ်လမ်းသဘောကို အတွေးအခေါ်တော်လှန်ရေးတစ်ရပ် ဆင်နွှဲပြီး ချပြခဲ့တယ်။ ဝေဒနာကို နံပါတ် ၁ ဦးစားမပေးတဲ့အတွက်ကြောင့် ကာမဂုဏ်တွေမှာလည်း ကောက်ကောက်ပါအောင်မလိုက်ဘူး၊ အကြောက်လွန်ပြီးတော့လည်း ရှောင်မပြေးဘူး။

ဒါဆိုဘုရားရှင်ဘာကို နံပါတ် ၁ ဦးစားပေးသလဲ။
လူအချင်းချင်းဆက်ဆံတဲ့နေရာမှာ ရည်ရွယ်ချက်မှားနဲ့ စေတနာမှားနဲ့ လုပ်တဲ့လုပ်ရပ်တွေကို ဒုက္ခတွေလို့ ချပြခဲ့တယ်။ ဘယ်လိုရည်ရွယ်ချက်မှားသလဲဆိုတာကတော့ မလုပ်သင့်တဲ့အရာကို ဝေဒနာဦးစားပေးပြီးလုပ်ကြတဲ့ အပေါ်က လုပ်ရပ်တွေကို ဒုက္ခတွေလို့ မြင်ပြီး အဲဒီ့ကလွတ်အောင် လေ့ကျင့်ဖို့ကို နံပါတ် ၁ ထားခဲ့တယ်။ ခေတ်စကားနဲ့ပြောရရင် လုပ်ချင်တာတွေထက် လုပ်သင့်တာတွေကိုဦးစားပေးတာပဲ။

အဲလိုဦးစားပေးတတ်အောင် ရှိသင့်တဲ့ အမြင် အတွေး (၅) တွေကိုလည်း ချပြခဲ့တယ်။ (ပညာ)
အဲလိုဦးစားပေးတတ်အောင် လုပ်သင့်တဲ့ အပြော အပြု အနေ (၆) တွေကိုလည်း ချပြခဲ့တယ်။ (သီလ)
အဲလိုဦးစားပေးတတ်အောင် ထားရှိသင့်တဲ့ ကြိုးစား နိုးကြား စိတ်ထားမှု (၇) တွေကိုလည်း ချပြခဲ့တယ်။ (သမာဓိ)

အဲလိုလေ့ကျင့်မှုတွေကို ထပ်ကာထပ်ကာ ပွားများသွားရင်းနဲ့ နောက်ဆုံး -

အဆုံးစွန်သော ဗုဒ္ဓအလိုကျတဲ့ ပုံစံကတော့ မိမိရဲ့ လုပ်သမျှသော (ကိုယ် နှုတ် စိတ်) အားလုံးဟာ လုပ်ချင်လို့မဟုတ်ဘဲ လုပ်သင့်လို့ချည့်လုပ်တယ်ဆိုတဲ့ဟာပဲ ကျန်တော့တဲ့ ပုံစံမျိုးရယ်လို့ပဲ ဖြစ်ပါတော့တယ်..။

ဝေါဟာရစာညွှန်း -
(၁) ကာမအကုသိုလ်
(၂) ကာမကုသိုလ်
(၃) ရူပကုသိုလ်
(၄) အရူပကုသိုလ်
(၅) သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
(၆) သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ
(၇) သမ္မာဝါယမ သမ္မာသတိ သမ္မာသမာဓိ

ဒီမှာ

မျက်ကန်းခန္ဓာများ

“သင့်အခန်းမှ
ပတ်ဝန်းကျင်လောကအား
ကြည်ကြည်လင်လင် မြင်ရလိုလျင်
သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ”

ပြင်ပလောကသည် သူ့သဘောသူ ဆောင်နေခြင်းဖြစ်ရကား ပင်ကိုယ်အားဖြင့် သာယာဖွယ်လည်း မဟုတ်၊ ညစ်ငြူးဖွယ်လည်း မဟုတ်။ အရာဝတ္ထုတို့သည် သဘာဝအတိုင်း ဖြစ်တည်လာပြီး သဘာဝအတိုင်း ချုပ်ငြိမ်းသွားကြသည်၊ ထိုအရာသည် ဆင်းရဲသည်လည်း မဟုတ်၊ ချမ်းသာသည်လည်း မဟုတ်။ လိုအပ်စရာ၊ မလိုအပ်စရာ အရောင်စုံ၊ ကာလာစုံ အာရုံများ လောကတွင် ရှိသည်၊ ထိုအရာသည် လှပသည်လည်း မဟုတ်၊ အကျည်းတန်သည်လည်း မဟုတ်။ လောကအပေါ် “အမြင် မကြည်မလင်” ဖြစ်နေသူများ၊ “မသိမှုကြောင့် အမြင်ေ၀၀ါး” နေသူများ၊ “လောဘဇောနဲ့ မျက်လုံးစုံကန်း”ကြသူများ၊ ဖြူသောအရာကို အမည်း၊ အမျက်ဒေါသ ထွက်စရာမဟုတ်သည်ကို ဒေါသထွက်စရာ၊ ကိုယ်မပိုင်ဆိုင်သောအရာကို ကိုယ်ပိုင်အရာ၊ အကြောင်းနှင့် အကျိုးကို အကျိုးနှင့်အကြောင်း၊ အမှားကို အမှန်၊ ဆင်းရဲကို ချမ်းသာအစစ်စသောအားဖြင့် လောကအမြင် ပုံမှန်မှ သွေဖယ်နေသော သူများနှင့် ထိုအမြင်သွေဖယ်မှုက တွန်းပို့သဖြင့် ကိုယ်၊နှုတ်၊စိတ်အမူအရာများပါ မူမမှန်ဖြစ်နေသူများလည်း ရှိသည်၊ သို့သော် ထိုသူများရှိရုံသက်သက်မျှဖြင့် ပြင်ပလောကသည် မှောင်သည်လည်း မဟုတ်၊ လင်းသည်လည်း မဟုတ်။

လောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ မွေးဖွားလာကတည်းက ကြောင်းကျိုးယုတ္တိ၊ လောကသဘောတရား၊ အမှားနှင့် အမှန်စသည်ကို စဉ်းစားဝေဘန်နိုင်သော အသိဥာဏ် ပါမလာ။ သို့သော် လူတိုင်းပင် မွေးကင်းစမှ စကာ မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာနှင့် အတွေးဟူသော ဒွါရခြောက်ပါး အသီးသီး ပါလာကြသည်။ ထိုဒွါရခြောက်ပါးအားဖြင့် ပတ်ဝန်းကျင်ကို ထိတွေ့သည်၊ ထိုဒွါရခြောက်ပါးအားဖြင့် လောကအာရုံကို ရယူခံစားသည်၊ ထိုဒွါရခြောက်ပါးအားဖြင့်သာ အသက်ရှင်မှုကို တည်တံ့အောင် အားထုတ်သည်။ လူသည် ဒွါရခြောက်ပါးသာ မွေးရာပါ ပါခဲ့ပြီး အသိဥာဏ်ကား ပါမလာသောကြောင့် လောကပတ်ဝန်းကျင်ကို ထိတွေ့ခံစား၊ အသက်ရှည်တည်တဲ့အောင် အားထုတ်ရာတွင် မိမိအတွက် ပတ်ဝန်းကျင်လောကအတွက် နစ်နာ၊ မနစ်နာ၊ အကျိုးယုတ်မယုတ် စသည်ကို သတိမထား မစဉ်းစားမူဘဲ မိမိဒွါရ အလိုပြည့်မှု တစ်ခုအတွက်သာ စဉ်းစားပြုမူကြောင့် နောက်ဆုံးတွင် မိမိသူတပါး နှစ်ဦးသားလုံးအတွက် ဒုက္ခကိုပွားစေမည့် လောကအာရုံတို့ကိုပါ ရယူပိုင်ဆိုင်ဖို့ ကြိုးစားတော့သည်။

မွေးဖွားလာကတည်းက အကျိုးအကြောင်း ဝေဘန်ပိုင်းခြားစရာ အသိဥာဏ်ပါမလာခဲ့သော လူသားသည် တရားမတရား အဓိကမထားသော အာရုံခြောက်ပါးကို ဒွါရခြောက်ပါးဖြင့် စုပ်ယူခံစားသည်၊ ထိုခံစားမှုအရသာကို သိမ်းယူမှတ်သားသည်၊ ထိုခံစားခဲ့ဖူးသည်နှင့် ထပ်တူအာရုံကို နောက်ထပ်တစ်ဖန် စုပ်ယူခံစားဖို့ရန် ဒွါရခြောက်ပါးကို အရံသင့် ငံ့လင့်နေစေသည်။ အာရုံများ ထပ်မံရရှိရန် ကိုယ်နှုတ်စိတ်အားဖြင့် အဖန်ဖန်အားထုတ်သည်၊ ထိုအားထုတ်မှုကို ပြုလုပ်သော ကိုယ်နှုတ်စိတ်အမူအရာများကိုလည်း မသိစိတ်က မှတ်သားထားသည်၊ ဒွါရခြောက်ပါးမှ တစ်ဆင့် အာရုံကို ရရှိသောအခါ ထပ်မံခံစားပြန်ကာ ထပ်မံ၍သာ ငံ့လင့်နေပြန်သည်၊ ဤသို့ဖြင့် ခံစားခြင်း၊ အားထုတ်ခြင်း၊ အမူအကျင့်ဖြစ်ခြင်း၊ ခံစားခြင်း၊ အားထုတ်ခြင်း၊ အမူအကျင့်ဖြစ်ခြင်းတို့ အထပ်ထပ်သံသရာလည်ကာ လူတစ်ယောက်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာ၊ ဒွါရခြောက်ပါး အားလုံးတို့သည်လည်း တရားမတရားအဓိကမထားသော အာရုံခံစားမှုကို အခြေခံကာ မူမမှန်အနေအထားသို့ ရောက်ရတော့သည်။

လူတစ်ယောက်သည် ပုံမှန်အရာဝတ္ထုတစ်ခုကို ပုံမှန်အရာဝတ္ထုတစ်ခုဟု မမြင်ဘဲ ခိုးဝှက်ယူချင်စရာဟု မြင်သည် (သို့) ဒေါသထွက်ချင်စရာဟု မြင်သည် (သို့) ရွံရှာဖွယ်ရာဟု မြင်သည် (သို့) အရှိတရားမဟုတ်သောအရာဟု မြင်သည်၊ ပုံမှန်အသံတစ်ခုကို ပုံမှန်အသံအဖြစ်သာ သဘောမထား လောဘတက်ချင်စရာ (သို့) ဒေါသထွက်ချင်စရာ (သို့) မောဟဖြစ်ချင်စရာဟု ကြားသည်၊ လောကသဘာဝကျိုးကြောင်းယုတ္တိနှင့် မဆီလျှော်၊ ကောင်းကျိုးကိုလည်း မဖြစ်ပေါ်စေသောတရားကို အမှန်တရားဟု လက်ကိုင်ပြုသည်။ ထိုမှတစ်ပါး ကိုယ်အမူအရာအားဖြင့်လည်းကောင်း၊ နှုတ်အမူအရာ စိတ်အမူအရာတို့အားဖြင့်လည်းကောင်း ကာမတဏှာခေါ် အာရုံငါးပါးကို အမှားမှားအယွင်းယွင်း သုံးစွဲလိုခြင်း၊ ရူပတဏှာခေါ် ရုပ်အစုအာရုံကို သာယာခြင်းနှင့် အရူပတဏှာခေါ် ရုပ်မဲ့လောကအပေါ် သာယာဆာလောင်ခြင်းတို့ကို အခြေခံသော မူမမှန် အပြုအမူ၊ အပြောအဆို၊ အတွေးအကြံများ ဖြစ်လျက်ရှိသည်။ ထိုအခါ ထိုသူ၏ ရုပ်အစုသည်လည်းကောင်း၊ ခံစားမှုသည်လည်းကောင်း၊ အမှတ်သညာတို့သည်လည်းကောင်း၊ စိတ်အစုနှင့် အတွေးအကြံစသည်တို့သည်လည်းကောင်း အကန်းဘ၀သို့ လုံးလုံး ရောက်လေတော့သည်။ လူတစ်ယောက်၏ ကံသုံးပါး၊ ဒွါရခြောက်ပါး၊ အမှတ်သညာ၊ ၀ါသနာဗီဇ၊ လောကအမြင်၊ အသက်ရှင်နေထိုင်မှုစသည်တို့၌ မူမမှန်အနေအထားများ စွဲကပ်နေခြင်းသည် မျက်ကန်းခန္ဓာအစု (ဥပါဒါနက္ခန္ဓာ)ကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

မျက်ကန်းခန္ဓာဖြင့် မြင်ရသော လောကသည် တကယ့်လောကမဟုတ်၊ မျက်ကန်းခန္ဓာဖြင့် ခံစားသော အရသာသည် တကယ့်အရသာစစ် မဖြစ်၊ မျက်ကန်းခန္ဓာဖြင့် ထွန်းငြှိသော အလင်းသည် တကယ့်အလင်း မမည်၊ မျက်ကန်းခန္ဓာဖြင့် ပတ်ဝန်းကျင်လောကအား အမြင်ကြည်ကြည်လင်လင် မမြင်ရနိုင်၊ မျက်ကန်းခန္ဓာတစ်စုသည် အခြားသော မျက်ကန်းခန္ဓာတစ်စုအား လမ်းပြပေး၍ မရ၊ ပိုမိုဆိုးရွားသည်မှာ လောကသည် မျက်ကန်းတို့ဖြင့်ပြည့်နှက်နေရကား မျက်ကန်းခန္ဓာတစ်စုသည် အခြားသော မျက်ကန်းခန္ဓာစုများနှင့် အမှောင်ထဲတွင် မမြင်စမ်းစမ်း သွားရင်းလာရင်း တွန်းတိုက်မိသည်၊ တစ်စုနဲ့ တစ်စု ထိခိုက်မိသည်၊ မလိုဒေါသ လိုလောဘများ ဖြစ်ကာ နိုင်ထက်စီးနင်း ပြုသည်၊ မျက်ကန်းခန္ဓာစုများအကြား အကြောက်တရားနှင့် အမျှော်တရားများ ထွန်းကားသည်၊ သို့မဟုတ်လည်း အချို့သော မျက်ကန်းလောကကို စိတ်ကုန်လက်ကုန်ဖြစ်သူများ အခြားသော မျက်ကန်းတို့မှ ဝေးရာ အရပ်သို့ ချဉ်းကပ်ကာ မျက်ကန်းဧကစာ ကျင့်သည်။ သို့သော် တဏှာသုံးပါးမှ လွတ်သော မှန်ကန်သောအကျင့်မြတ် ရှစ်ပါးကို မကြားသိ၊ မပွားများရသေးသမျှ မျက်ကန်းနိဗ္ဗာန်ဖြင့်သာ ပျော်မွေ့သာယာကြရသည်။

“လောကသည် ကန်း၏”၊ မြတ်စွာဗုဒ္ဓ ဗောဓိဥာဏ်အလင်းကို စတင်တွေ့ရှိတော်မူပြီးစ၊ ထိုဥာဏ်အလင်းအား လူအများအား မျှဝေရန် စတင် ကြံစည်စဉ် မိန့်တော်မူခဲ့ဖူးသည်။ လောက ကန်းခြင်းသည် သဘာဝလောက၏ မျက်မမြင်ဖြစ်ခြင်းကို မဆိုလို၊ သင်၏ ဒွါရအခန်းပြတင်းများ ဖုန်အလိမ်းလိမ်း ငြိကပ်နေခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ပတ်ဝန်းကျင်လောကအား ကြည်ကြည်လင်လင် မြင်လိုလျင် သင်၏ အခန်းပြတင်းမှန်ကို အရင် ဖုန်သုတ်ပါ။ ။

Wednesday, September 10, 2008

... အမေ ...

... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

Saturday, September 6, 2008

ဗုဒ္ဓဘာသာအဆီအနှစ် ...

ဗုဒ္ဓဘာသာအဆီအနှစ် ...
၁။ တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။
၂။ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
၃။ ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။
၎။ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
၅။ မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။
၆။ သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။
၇။ အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။
၈။ အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။
၉။ မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။
၁ဝ။ ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။


ဤတရားတို့ကား အပြစ်ရှိသော(အကုသိုလ်)တရား၊ဤတရားတို့ကား အပြစ်ကင်းသော(ကုသိုလ်)တရားဟု
မိမိတို့ကိုယ်တိုင် လွတ်လပ်စွာတွေးခေါ်ကြရမည် ဟု ဗုဒ္ဓကမိန့်ကြားခဲ့ပေသည်။


တိကင်္ဂုတ္တရပါဠိတော်၊ ကာလာမသုတ်။

About Me

Myawaddy, Kayin State, Myanmar (Burma)
ကျွန်တော်က ပညာသင်တစ်ယောက်ပါ။ ကျွန်တော်ရဲ့ blog ကို 2007 December ကမှာပြုလုပ်ခဲ့တာပါ။ ကျွန်တော် စမ်းတ၀ါးဝါးနဲ့ပြုလုပ်ထားတဲ့အတွက် အမှားပါရင်ခွင့်လွတ်ကြဖို့နဲ့ လာရောက်လည်ပတ်သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောချင်ပါတယ်။

Photo

Photo
other